Wednesday, March 1, 2017

အမြင် အသစ်...ဘဝ သစ်


မနေ့က ပင်ပန်းခဲ့လို့ တစ်ဝ အိပ်ပျော်ခဲ့ပြီး အိပ်ယာကနိုးလာချိန်မှာ တော့ကြည်လင် လန်းဆန်း လျက် ပဋ္ဌာန်းပူဇော်…ဘုရားဝေယျာ ဝစ္စ ကုသိုလ် ယူဖြစ်ပါတယ်..။ တကယ်တော့လည်း လူပင်ပန်းတယ် ဆိုတာ ထက် စိတ်က ပိုပြီး ပင်ပန်းခဲ့တယ်..။
ဖြစ်စေချင်တဲ့ ပုံစံချ တယ် ဖြစ်မလာ မှာ စိုးတယ်..။ စိုးတယ် ..ဟူသည် အပူ ပင်မဟုတ်ပါလော..။အပူလှိုင်းဖြတ်သန်းသွား သောစိတ်အစဉ် သည် အမြဲ လို ပင်ပန်း တတ်သည်ပဲလေ..
မနေ့ က ကျမ ဟာ IERD Institute of Environment Resources and Development ဆိုတဲ့ စာသင်ခန်းလေး တစ်ခု ဖွင့်လှစ်ခဲ့တာ..။
အစကတည်းကလည်း စာသင်တဲ့ အလုပ်ကို လုပ်ကိုင်လာခဲ့တာ အနှစ် ၃၀ကျော် ခဲ့ပြီ….စာသင်ခန်းမျိုးစုံ..ပုံစံမျိုးစုံ …. နဲ့ နေရာမျိုးစုံခဲ့တာ…။
အခုဟာကတော့ အောင်မြင်လိုသော စိတ်….အဆင်ပြေ လိုသော စိတ်သည်..ကာမဝိတက် ဖြင့် ပုံဖေါ်စိတ်ကူး ကာ အရိပ်ကို အကောင်လုပ်နေမှန်း ကိုယ့်ကိုကို သတိမထားမိ…။
ဖွင့်ပွဲ လုပ်မဲ့ မတ်လ ၁ရက်နေ့ မှာ ပိုင်းလော့ဆရာတော်ဘုရား ကိုပင့်မယ်..။
စာသင်ခန်းကို သိဒ္စ္ဒိတင်သလို အန္တရာယ် ကင်းအောင် …. ပရိတ်ရွတ် ဘုရား အနေကဇာတင်မယ်..။
ဆရာတော်ဘုရားများကို ဆွမ်းကပ်မယ်..။
အို ထမင်းစားစားပွဲ ၊ပန်းကန် ခွက်ယောက် တွေ ဝယ်ရသည်မှာ တစ်နေ့ဖြင့်မပြီး…..။
ကျွန်မ လုပ်ရပ် များသည်..ပုဗ္ဗစေတနာ လား….. ဥပါဒါန် ဖြင့် ပုံစံ ချနေလေသည်လား သတိမထားမိနိုင်အောင်ပင်..။
ထို အချိန်များ မှာ ကျမ အား တရားစစ်ဆေး မည့်နေ့ကိုမမျှော်လင့်ပဲ ရောက်လာခဲ့ပါတယ်..။ ဆရာမဒေါ်ဂျင်မီက ၂၄ ရက်နေ့ ည အချိန်မှာ ဆရာတော်ဘုရားဗုဒ္ဓဂါယာ မှ အချိန်မီ ပြန်မရောက်နိုင်ကြောင်း ဖုန်းဆက် တဲ့အခါ မှာ တော့……..
အခိုင်အခန့် ပုံဖေါ် စွဲမြဲထားသော အခံဓာတ် နှင့် မကိုက်ညီ တော့ရကား …..ကွာဟချက် သည် ဘွား ကနဲ ပေါ် လာတဲ့အခါ မှာတော့…..ရင်ကြောတင်းကာ ကျမမှာ မရှု မလှ စာမေးပွဲ ကျ ခဲ့ရပါတယ်..။
နှေးကွေး နုံနဲ့ သော ဝိပဿနာ ဥာဏ်သည် ဆင်ခြင် ဆုံးဖြတ်ဘို့ ချက်ကျလက်ကျ မဖြစ်ခင် ပူခဲ့ပြီ…လောင်ခဲ့ပါပြီတကား …..။
အလှူခံပုဂ္ဂိုလ် ဘက်က မစဉ်းစား….. ကိုယ့်အတွက်..သာ စဉ်းစား ပါလေသော အယူစိတ်ကို တစ်ပိုင်းတစ်စ လှမ်းမြင်ရလျက်…ရှက်နိုးရကား ထိန်းသိမ်းနိုင်ခဲ့ကာ အပေးစိတ်ကို ပြန်လည် တည်ဆောက် နိုင်ခဲ့ သော် လည်း ဝမ်းနည်းသော စိတ်သည်….. တစ်ရိပ်ရိပ်..။
အကျိုး ပေါ်လာတာမို့ အကြောင်းတရား ကိုဆင်ခြင် ဘို့ ဆုံးမထားသော တရားတော်ဖြင့် တိုင်းတာ ကြည့်သောအခါ ……အားငယ် ညှိုးနွမ်းရပြန်ပါတယ်..။
ဒီနေ့ မနက် ဘုရားရှိခိုးပြီးချိန် ဆရာတော်ဘုရား တရားနာချိန်မှာတော့ ကျွန်မ အားသစ်ကျင့်ဆောင် နိုင်ခဲ့ရပါတယ်..။
ဘုရားရှင် …ပရိနိဗ္ဗန် ပြု ချိန် မှာ ဝမ်းနည်းပူဆွေးနေတဲ့ အရှင်အာနန္ဒာ အကြောင်း ပါ..။ ဘုန်းဘုန်းကတော့..အဖေါ် ကောင်း လို့ ပြဆို ဆွေးနွေး ထားပါတယ်..။
အဖေါ်--- ဆိုတာကတော့ စိတ်ကျက်စားလေ့ရှိတဲ့ အာရုံ ကို ပြောတာ ဖြစ်ပါတယ်..။
စိတ်အစားစားတာ အဖေါ် ပါပဲတဲ့..။
လူတိုင်း က ကာမ ဝိတက် နဲ့ ကြံစည် ပုံဖေါ်တာ အချိန်တိုင်းရှိနေတတ်ပါတယ်….. ( သားသမီးနဲ့ ပတ်သက်တာ စီးပွား နဲ့ ပတ်သက်တာ… ခင်ပွန်းလင်..ခင်ပွန်းမ နဲ့ ပတ်သက်တဲ့ ) စိတ်ကူးလေး နဲ့ အဖေါ် ပြု..ကာ အရိပ် ကိုအကောင်လုပ် ကာနေတတ်ကြပါတယ်..။
ဘုရားရှင် မရှိ ချိန်မှာအားကိုး မဲ့သောအသွင်ဖြင့် လွတ်ဟာ ပူဆွေးနေတဲ့ အရှင်အာနန္ဒာ ဟာ နောက်ဆုံးမှာတော့…. ကာယဂတာ သတိသည်သာ အကောင်းဆုံး အဖေါ် ဆိုတာ တွေ့ ခဲ့ပါတယ်..။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဟောကြားဆုံးမ တော်မူအပ် တဲ့ တရား တော်တွေ မှာ ….
အရိပ် ဟာ အရိပ် ..အကောင်မလုပ်ဘို့….
တံလှပ်လို ဖြစ်ကြောင်း သိနေဘို့…။
အကောင်ကို တဏှာ ဖြင့်ချုပ်စပ်လျက်…. အသက်ဝင် လှုပ်ရှား ကာ မပူလောင်စေဘို့..။
အရိပ်မှန်း ဆုံးဖြတ်ချက် ကျ တဲ့ အခါ…. ရင်ထဲမှာ စကားလုံး မရှိတော့…။
ဆက်လက် ပုံဖေါ် ကာ စိတ်ကျက်စားစရာမလိုတော့..။
ပညတ်တရားများ မှေးမှိန်သွား..ပရမတ်များထင်ရှားစေတော့…။
ဤ သည်ကို ပင်……..((အာရုံ ၌ အညိ အတွယ် မရှိ စိတ်ကျက်စားခြင်း…. ကာယ ဂတာ သတိ)) လို့ခေါ်ပါတယ်..။
အကောင်းဆုံး အဖေါ် လို့ ဆိုပါတယ်..။
အာရုံကို အညိအတွယ် မရှိခြင်း သည် ဝိမုတ္တိဓာတ်….
ထိုကဲ့ သို့ နေခြင်းမျိုးကို ဘုန်းဘုန်းသင်ထားခဲ့တာ…. ကျမ တရားနာရင်း ပြန်လည် သတိရမိပါတယ်..။
ကုသိုလ် ဟု အမည် တပ်သော်လည်း….. ကိုယ့်အတွက် ကောင်းကျိုး ရစေဘို့ ဆိုတဲ့ အယူစိတ်….။
ဘုန်းဘုန်းကို ကြည်ညို သော်လည်း….. သိဒ္ဓိယူသလိုလို……အဆောင် ဓာတ်တစ်ခုလိုလို…..ကာမဝိတက်ဖြင့် ကြံစည် ပုံဖေါ် ကာအရိပ်ကို အကောင် လုပ်သော အခံဓာတ်သည် ဥပါဒါန် တစ်ခုကို အခိုင်အမာ တည်ဆောက်မိတယ် ဆိုတာ…..ကျမ အသိစိတ်ဝင် ရပါတယ်..။
တကယ်တော့လည်း ဘုန်းဘုန်း သင်ပေး လေ့ကျင့်ပေးခဲ့သော……..((အာရုံကို အညိ အတွယ် မရှိ စိတ်ကျက်စား တတ် တဲ့ ကာယ ဂတာ သတိ)) ကိုကျ မမေ့လျော့ ခဲ့မိတာ..။
လုပ်ငန်းအောင်မြင်ဘို့ ဆိုတာကလည်း ….ဖြောင့်စင်းတဲ့ စေတနာ သာရှိ ဘို့ လိုသည်မဟုတ်ပါလား။
စေတနာ ဆိုသည်မှာ ကျမ ရဲ့ စာသင်ခန်း ကျဉ်းကျဉ်းလေးသာ မက သတ္တလောက တစ်ခု လုံး ရဲ့ ဖန်ဆင်းရှင် ဖြစ်တယ် ဆိုတော့ ( ဖြောင့်စင်းတဲ့ စေတနာ ထားမှာ လား သိဒ္ဓိ မဟိဒ္ဓိ…. တွေ အားကိုးမည်လား )
ကျမကိုယ် ကျ မပြန်လည် မေးခွန်းထုတ်မိပါတယ်..။
တကယ် ကြည်ညို ပူဇော် ချင်ရင်တော့တရားကျင့်စဉ် နဲ့ ပူဇော် သော ပူဇော်ခြင်းသည် အမြင့်မြတ်ဆုံး ပင်မဟုတ်ပါလား ရှင်။
ဒီလို စိတ်အမြင် မှန်ကို ဒီနေ့ မှ ပြန်လည် တွေ့ တဲ့ကျမ ကတော့ ဒီနေ့ဟာ အမြင်သစ် နဲ့ ဘဝ သစ် စတဲ့နေ့ပါပဲရယ်လို့ တင်စား ပါရစေတော့..။
( ဘာအာရုံလာလာ..... အညိ အတွယ် မရှိ..စိတ်ကျက်စား ခြင်း )...တဲ့..။

မေတ္တာဖြင့်
သစ္စာအလင်း

Monday, January 30, 2017

အဝိဇ္ဇာ ပြု တဏှာ စုသဖြင့်......

Image may contain: one or more people and text

အမှု စုံ လှပါသော လူ့ ဘုံတော မှာ မသိခြင်းများစွာ ဖြင့် ရောက်ရှိနေထိုင်ရပါသော ကျွန်မ တို့ မှာ ကြုံတွေ့ရတဲ့ အမှုကိစ္စ များကို စီမံစရာရှိတာ စီမံပြီး တဲ့ အချိန် မှာ နောက်ထပ် အကုသိုလ် မဖြစ်ရအောင် ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် ဘုရားကဆုံးမ ပါတယ်..။
ပုဂ္ဂိုလ် သတ္တဝါ အပြစ်မတင် နဲ့ နော် အဓိက တရားခံက မူလနှစ်ဖြာ……တဲ့..။
မူလနှစ်ဖြာ ဆိုတာ ကျွန်မ တို့ အားလုံး ကိုချာလပတ်ရမ်းစေသော…. ကြိုးကိုင်ချယ် လှယ် နေပါသော
သံသရာဝဋ်နှောင် တုပ်နှောင် ထားအပ် ပါသော …..အဓိက တရားခံ..။
အဝိဇ္ဇာ က အရာရာကို ပိုင်းခြားဝေဖန်တတ်မှု …ပညာ အလင်း မှန်သမျှ ပိတ်ဖုံးပေးထားတာ..။
တဏှာ က တော့….ချော့ကာ ချော့ကာ အကြိုက်ပေး လို့ မိုက်ဆေးတွေ ဖေါ်ကြတာ..
လူ့ သမိုင်းတစ်လျှောက် စာစီရေးထိုးပါက ကုန်အံ့ မထင်..။
တဏှာ က အာရုံ ကိုချုပ် စပ်ခြင်း ၊ အာရုံ ကိုကပ်ညိခြင်း …… ကပ်ညိ မိသည် မှာ ဗိုက်ဆာ သော မြွေ က သူ့အစာ ဖားကိုမလွှတ်သလို…..။
တစ်ပန်းဟိုက်ဟိုက် တစ်ရှိုက် ငင်ငင်…….
လိုချင် ဖြစ်ချင် ရချင် ပြီ ဆိုပါက ……
မလုပ်ရဲတာ ဘာမှ မရှိတော့…. မလုပ်သင့် ဘူးဆိုတာ ဘာမှ မသိတော့…….။
ကျွန်မ တို့ တတွေ ကိုမောင်းနှင်နေတဲ့ အဲဒီ….. ချင် တစ်ခု ကြောင့်ပဲ….
အာ ဏာ ကိုယစ်မူးလိုချင်တော့…ဖခင် အရင်း အစ်ကို အရင်း ကို သတ်ခဲ့ တဲ့ဇာတ်လမ်း များစွာ ရာဇဝင် ထဲ ရှိခဲ့တယ်..။
ထိုင်း ဆူခို ထိုင်း ရုပ်ရှင် ထဲမှာ ကြည့်ဘူးတာ… သေအံ့ မူးမူး ရှင်ဘုရင် ကို တစ်ချိန်က အချစ်များစွာ နဲ့ ပြုစု လုပ်ကျွေး ခဲ့ သူ မိဘုရား က နန်းဆောင် ထဲ မှာ အဆိပ်ကျွေး သတ်…… စီမံပေးတဲ့ မောင်းမတွေ ကို မိဘုရား ကဒါးထုတ်ခေါင်းဖြတ်သတ်……….။
ရက်စက်လိုက်ကြတာ.......
အမွေ လိုချင် မှု နဲ့ သွေးရင်းသားရင်းတွေ ကိုလည်းသတ်…။
အချစ် ဆိုတာ များ ရလေမလား လို့ တပါးသူ ရဲ့ အိမ်ထောင်များ သတ်ကြတဲ့ ဇာတ်လမ်းများလည်း ဖတ်ဘူး မှတ်ဘူး ခဲ့တာ..။
နောက်တော့……ကာမ တဏှာ… ကိလေသာ ကာမ တွေ သုံးဆောင်ခံစား ရလေတိုင်း အမြဲခံစား ချင် တဲ့ ချင်တစ်ခုကြောင့် ပဲ လူတွေ လူတွေ………..။
စီးပွား ရေးနောက် တကောက်ကောက်…။ မိတ်ဆွေ တစ်ယောက် ဆို သူ့မှာ လက်ရှိသိန်းတစ်ထောင်လောက်ချမ်းသာနေပါလျက် နဲ့ အရင်က ရခဲ့ဘူး ပြီး ဆုံးရှုံးသွား တဲ့ သိန်း ၅ ထောင်လောက်အတွက် စိတ်ဒုက္ခ ခံစားနေရသည် မှာ ဘာ မှ ကိုမလုပ်နိုင်..။စိတ်အေးချမ်းမှု မရ..။
တိရိစ္ဆာန် တွေ သတ်ဖြတ်တာ စားဘို့ တစ်ခု ထဲ ကြောင့်....
ကျွန်မ တို့ လူတွေက တော့ ... ရဘူးတဲ့ စည်းစိမ် ချမ်းသာ
လာဘ် ပပ်သကာ
ပူဇော်အကျော်အစော...ယုတ်လျော့ သွားမှာ စိုးလို့..မပိုင်ဆိုင်ရမှာ စိုးလို့ ကျူးလွန်ကြတဲ့ အကုသိုလ် များ စွာ ရှိကြမှာ..။ကျွန်မ သည်လည်းဆင်ခြင်ရပါတယ်..။ ငါကော..ငါကော..... ငါကော...ပေါ့လေ။
လူတစ်ယောက်က ခဲ နဲ့ ပစ်တဲ့အခါ..ခြင်္သေ့ ကပစ်တဲ့ လူနောက်လိုက်ပြီး နှိမ်နင်းသတဲ့..။
ခွေးကတော့ ခဲနောက်လိုက် တယ် တဲ့..။
ပစ်ဖန်များ လာတဲ့ ခဲတွေ ရပ်စေချင်ရင် တော့ ကျွန်မ တို့ ခြင်္သေ့ လို ကျင့်ကြံ ရမှာ မဟုတ်ဘူးလား..။ ခဲနောက်လိုက်မလား...လူနောက်လိုက်မလား ပေါ့..။
တောင်မြို့ ဆရာတော် -အရှင်ဇနကာဘိ ဝံသ ရေးတဲ့ စာအုပ်ထဲက တဏှာ အကြောင်း ကဗျာ တစ်ပုဒ်ကို ဖတ်ရှု ပူဇော် ရင်း ကျွန်မ ရင် ထဲက …ချင်….. တွေကို ကျွန်မ ကြိုးစားထိန်းချုပ်ပါအုံးမယ်..။
((တဏှာသောတေန ဝုယှ န္တာ
ပိယာမိ ဝေဂစာလိတာ
ယာဝါပါယာ နိမုဇ္ဇ န္တိ
သတ္တာ သံသာရ သာဂရေ။))
သံသာရသာဂရေ - သမုဒ္ဒရာ မကသာသည့် သံသရာပြင်ကျယ် ပင်လယ် ခရီး၌
တဏှာသောတေန - အဝိဇ္ဇာ ပြု တဏှာ စုသည့် အနုဿယ သဘော ရေယဉ်ကြောဖြင့်
ဝုယှန္တာ -ဒုက္ခစုကြွယ် ၊ ထု အထည် ဖြင့် ၊လူ့နှယ် တစ်တန် ၊နတ်ဟန် တဖြာ ၊ ဗြဟ္မာ ဟန်ပုံ ၊ သဏ္ဍန်စုံအောင် ဆန်စုံမျောပါး ၍ နေကြရကုန်သော
သတ္တာ- ဘုရား အဆူဆူ မလွယ်ကူ၍ ဆယ်ယူမသွား ငါတို့လို အညံ့စားသတ္တဝါတို့သည်
ပိယောမိဝေဂစာလိတာ -အချစ်ဂိုဏ်း အတွက် လှိုင်းဂယက် က ဝိုင်းလျက်အဖုံဖုံ တခုန် ထဲခုန်စေအပ်ကုန်သည်ဖြစ်၍
ယာဝါပါယာ- ဆင်းရဲမှန်က မကျန်ရအောင် စံပြ မလွယ် အပါယ်လေးတန်အောက်သံသရာ ဟိုးသမုဒ္ဒရာတိုင်အောင်
နိမုဇ္ဇ န္တိ - ဦးခေါင်းမူကာ မပြူသာ ပဲ ၊ နူရာမှာ ဝဲ ၊ ဒူလာစွဲသကဲ့သို့ ရှေ့လည်းနောက်တိုး အပြစ်မျိုးကြောင့် ညစ်ဆိုးပေတေ၊ ကံစနစ် ထုတ် အသစ်ရုပ်ဖြင့် တနစ်မြုပ်တည်းနစ်မြုပ်၍ နေကြလေသတည်း ။

မေတ္တာဖြင့်
သစ္စာအလင်း
( ခေတ္တ - ရွာငံ Genius Coffee Estate )

Tuesday, January 10, 2017

တိမ်တခဲနက် ကြည့်ရင်းပျက်သို့၊

 
သက်ရှိများကို ခင်မင် တွယ်တာ လို့ အားမရ၊ သဘာဝပတ်ဝန်းကျင် ကိုပါ မြတ်နိုးတွယ်တာ တတ်ခဲ့သော ကျွန်မ အတွက် ဝေဒနာ နှင့် တဏှာ ကြား အစပ်( ပဋိစ္စ သမုပ္ပါဒ် စက် ဝိုင်းမှ အကွက် ၂ နှင့် ၃) သည် ပြတ်ခွင့် မကြုံ အဝိုင်းပြေးခဲ့ရ ဘဝတွေ လည်း ရှည် လျား၊ ကာလ တွေလည်းများခဲ့ပါ ပြီ..။ ကျွန်မ ဘဝ တွင် လေးနှစ်တာ သံယောဇဉ် ဖြစ်တည် ခဲ့တဲ့ အီတလီ အလယ် ပိုင်း ဟာ အခုတော့ Red Zone တဲ့လားကွယ်..။
မှန်ပြူတင်းပေါက် မြင့်မြင့် တပ်ဆင်ထားတဲ့ အဆောင် အိပ်ခန်း မှ တဆင့် လှပ တဲ့ သဘာဝ ပတ်ဝန်းကျင် ဟာ ကျွန်မ နဲ့ တစ်သား တည်းနေထိုင် ခဲ့တာ ဘယ်မေ့လို့ ရမှာလဲ..။ အခုတော့ အုတ်ကျိုးပုံများကြား မှာ အရုပ်ဆိုးအကျည်းတန်ခဲ့ရပါပြီ…။
လွမ်းမောခံစားခဲ့သော နှင်းတွေဝေသော၊ လမင်းသာသော ညများကို အိပ်ပစ်ရမှာ နှမျော ပါတယ် ဆိုတဲ့ တက္ကသိုလ်ဘုန်းနိုင် ဝတ္ထု ထဲက ခိုင် လို လို၊ အစော လို လို ခံစား ခဲ့ဘူး တဲ့ အရှေ့တိုင်းသူ တစ်ယောက် ဟာ သူချစ် တဲ့ ဒေသ အတွက် ဆုတောင်းပေးဘို့ မေတ္တာဓာတ်တွေ လွှမ်းခြုံစေစားဘို့ ပျက်ကွက် ခဲ့တာ….။ ကိုယ် ကိုယ် တိုင် ပင် ခွင့်လွှတ်နိုင်စရာမရှိ..။
အဲဒီအချိန် များ မှာ ကျွန်မ ဟာ ILO, Assignment တစ်ခု နဲ့ အင်တာနက် ဝင်ရန်ပင် ပျက်ကွက်ခဲ့ သောနေ့ရက်များ ….၂၀၁၆ အောက်တိုဘာ…..
ထို ရက်တွေမှာ ကျွန်မ ချစ်တဲ့ University of Camerino ဟာ အနှစ် ၃၀ အတွင်းအကြီးမားဆုံးသော ငလျင် ရဲ့ ဆုပ်ကိုင် လှုပ်ခတ်မှုကြောင့် မွမွကြေခဲ့ရတာ….. အလွန်ပဲကြေကွဲစရာ…..။
ဒီနေ့ တော့ အဲဒီမှာ နေတဲ့ သူငယ်ချင်း ကနှင်းတွေ လွှမ်းတဲ့ ပုံလေးတင်တယ်… သို့သော် ကိုယ် သိဘူးတဲ့နေရာမဟုတ်လို့ မေးမိတော့မှ တက္ကသိုလ် ဟာ ငလျင် စိုးရိမ် အဆင့် ရောက်နေလို့ သူရွှေ့ပြောင်းနေထိုင် ရတဲ့နေရာဖြစ်ကြောင့်ထိတ်လန့်တကြား…….ကြားသိရ…
ကျွန်မ ကျောင်း တက်စဉ် ကာတွေ မှာ နှင်းတွေ ဖုံးလွှမ်းနေတဲ့လှပလွန်းသော အယ် ပီးနီး Apennine
တောင်တန်း တွေ အောက် မှာ ငလျင်ကြော ဟာ ကံကြမ္မာ ဆိုးတွေ နဲ့ အတူ အိပ်မောကျနေခဲ့တယ် ဆိုတာ ကျွန်မ အဲဒီတုံး ကမတွေးခဲ့မိတာ အမှန်ပါ..။
ခြိမ်းခြောက်မှု များစွာ နဲ့ ရှင်သန် နေထိုင်ရ ပါသော…လုံခြုံ မှုကင်းမဲ့ နေပါ သော လူ့ဘဝ ရရှိခြင်း သည်ပင် ဒုက္ခသစ္စာ.. ပါပဲရယ် လို့ ကျွန်မ ထပ် မံသင်ယူရပြန်ပါတယ် ချစ်သော တက္ကသိုလ်…။
ပုဂ္ဂိုလ် သတ္တ၀ါ ဟူ၍ အမှန် မရှိ အတ္တ ဇီဝ ဟူ ၍ မရှိ ပါသော ခန္ဓာ ငါး ပါး ရုပ် နာမ် တရား ဟာ ခဏ တိုင်း ခဏ တိုင်း ဖြစ် ပျက်နေကြပါ တယ် ။ မမြဲခြင်း သည် သာ မြဲခြင်း သဘောကိုဆောင်ပြီး မြဲတယ် ခိုင်တယ် ယူဆ တဲ့အရာတွေ ဟာ
မမြဲ ခြင်း သဘော ကို ဆောင်နေကြ တယ် ဆိုတာ မသိချင်ယောင်ဆောင်လို့ မရတော့ပါဘူးလေ..။
မမြဲ ခြင်းဟူ သည် အနိစ္စ ပင် ဖြစ်ပါ တယ် ။ ဖြစ်ပျက် မူ ကို အမြဲ တစေ ခံနေ ရခြင်း ဟာ ဒုက္ခ ပါ။ သူ့ သဘော အတိုင်း ဖြစ် ပျက် နေခြင်း တာမို့ ကိုယ် အစိုးမရ ခြင်း သဘော အနတ္တ တရား ကို ရင်မှာ ပိုက်ပြီး ကျွန်မ ဆုတောင်းမေတ္တာ ပို့သချင်ပါတယ်..။
“အသက်စည်းစိမ် ခန္ဓာအိမ်ကား၊
တိမ်တခဲနက် ကြည့်ရင်းပျက်သို့၊
မျက်စိအောက်တွင် ပျောက်လွင့်စင်၏၊
သင်္ခါရစက် သူ့ပိုင်နက်၌၊
သွက်သွက်လည်ကာ ပါရရှာသည်၊
ခန္ဓာအနိစ္စပါတကား ဖြစ်တာပျက်ဖို့ပါတကား”
ရယ်လို့ သဘာဝ တရား က သင်ပြတဲ့ သင်္ခန်းစာတွေ နဲ့ အတူ တင်းနေအောင်ချည် နှောင်တဲ့ သံယောဇဉ် ကြိုးဖြင့် ကျွန်မ ချစ်တဲ့ တက္ကသိုလ် လို ကျွန်မ တို့ သည် လည်း ဘယ်နေရာ ဘယ် အခါ မှာ ပြိုလဲ မှု များ ကြုံ ရမှာ ပါလိမ့်…။
အမှန်တရား ကို လက်သင်ခံ ရင်ဆိုင် ရဲဝံ့…ရင်း ………. သံဝေဂ ရယူမိ တယ် ချစ်သော တက္ကသိုလ် ..။
ကျွန်မသည်လည်း ခုနေသေရင် အကုန်တန်းလန်းထားခဲ့ ရမယ် ဆိုတာ တိုးတိုးဖွဖွ.....နှလုံးသွင်းဆင်ခြင်ရင်း အေးမြသော မေတ္တာတရားကို စေလွှတ်အပ်ပါတယ်..။

မေတ္တာဖြင့်
သစ္စာအလင်း